Sunday 3 February 2013

အောင်မင်္ဂလာဓမ္မရိပ်သာ (မလေးရှား)

ဤအရပ်သည် ဗုဒ္ဓသာသနာတော် ထွန်းကားသော အရပ်ဒေသတစ်ခုမဟုတ်။ ငါးရက်တန်သည်၊ ခုနစ်ရက်တန်သည် ကျင်းပရသော ညအိပ်တရားစခန်းပွဲမျိုး ဤအရပ်၌ မရှိခဲ့စဖူး။ တစ်ရက်တစ်လေသာ ကျင်းပရသည့် မင်္ဂလာဧည့်ခံပွဲများသည်ပင် ဤအရပ်တွင် ထင်ထင်ပေါ်ပေါ် မရှိနိုင်ရှာခဲ့ကြ။ မှန်၏။ ဤအရပ်၌ရောက်ရှိနေကြသည့် ရွှေအများစုမှာ မအိုချင်ပဲ အို (over stay) နေကြရ သူများ ဖြစ်သည့်အလျောက် လူစုလူဝေးဖြင့် ဆောင်ရွက်ရသော ကိစ္စများကို ကာလအတန်ကြာ သိုသိုသိပ်သိပ်သာ ဆောင်ရွက်ခဲ့ကြရ ရှာလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစ၍ ဤအရပ်၌ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်းများ ပေါ်ပေါက်လာ ခဲ့ကြ၏။ ရွှေမြန်မာတို့အဖို့ အိုအေစစ်ကလေးများ သဖွယ်ပေတည်း။ သို့သော်.. သူများပြည်ရွာတွင် လွတ်လပ်စွာ သွားလာခွင့်ပျောက်ဆုံး လျက် အလုပ်ကြားတွင်သာ ဘဝကိုမြှုပ်နှံထားကြရရှာသူများပီပီ အိုအေစစ်တို့အနား ယောင်၍မျှ မရောက်ဖူးသူက များခဲ့ကြရရှာပြန်လေသည်။
 

 
ရွှေတို့၏ ကံဇာတာ တကြော့ပြန်ကောင်းလာတော့မည့် ရှေးပြေးအတိတ်နိမိတ်ဟု သတ်မှတ်နိုင်မည့် အရိပ်နိမိတ်များ မကြာသေးမီက အလျှိုအလျှိုပေါ်ပေါက်လာခဲ့ကြ၏။ ထိုအထဲတွင် မလေးရှားရောက် ရွှေတို့အတွက် ပတ်စပို့ကိစ္စကို သက်ဆိုင်ရာများက စီစဉ်ဆောင် ရွက်ပေး ခဲ့ကြခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့၏။ အိုဘဝဖြင့် နေရသည်ထက် အနေအစား အသွားအလာ ချောင်လည် လာ စေနိုင်မည့် စီမံချက်ဖြစ်ပေရာ မလေးငွေ ခြောက်ရာ ခုနစ်ရာ ကုန်ကြရစေကာမူ ဝမ်းသာအားရ လိုက်နာဆောင်ရွက်ခဲ့ကြ၏။ မည်သို့ဆိုစေ.. ထို၏အကျိုးဆက်အဖြစ် မလေးရှားမှာ ဖူးစာလာဆုံကြသူတို့၏ မင်္ဂလာပွဲများမှ အခါတော်ပေး တေးသံများကြားခွင့် ရလာကြ၏။ အိုဘဝဖြင့် ဈေးနှိမ်ခံရသူများလည်း လစာကလေး အထိုက်အလျောက် တိုး၍ရလာကြ၏။ ညတရားပွဲ၊ ကထိန်ပွဲစသည်များ ကိုလည်း စည်စည်ကားကား ကျင်းပနိုင်လာခဲ့ကြ၏။ အိုအေစစ်တို့အနား လူသူစည်ကားစပြုလာခြင်းပေတည်း။
 
 
မိုးကုတ်မှထွက်သော ပတ္တမြားတို့သည် မလေးရှား၊ အမေရိကန် ဘယ်နိုင်ငံသို့ပင်ရောက်ရောက် သူ၏တောက်ပနှစ်လိုဖွယ် အရောင်အသွေးကို ကွယ်ဖျောက်ရိုးထုံးစံမရှိခဲ့။ ရောက်ရာအရပ်၌ နီစွေးတောက်ပ အားရချင်စဖွယ် တင့်တယ်နေခဲ့ကြသည်သာဖြစ်၏။ ပတ္တမြားတို့သခင် ရွှေမြန်မာတို့သည်လည်း ထိုနည်းနှင်နှင်ဟုဆိုက မြှောက်ပင့်၍ပြောရာကျလိမ့်မည် မဟုတ်။ ပတ္တမြားတို့နှင်နှင် ရောက်ရာ အရပ်တွင် နီစွေးလျက်သာ ရှိခဲ့ကြပေ၏။ အခါမသင့် အခွင့်မသာခင် ငုပ်လျှိုး၍ပင်နေခဲ့ကြရ စေကာမူ အခါသင့်အခွင့်သာသည်နှင့် နီစွေးသော အရောင်အဆင်းတို့ ဟိုမှသည်မှ ပေါ်ထွက်လာခဲ့ကြသည်သာဖြစ်ပေ၏။
 

 
ယခုလည်း ၂၃-၁-၂၀၁၂ မှ ၂၉-၁-၂၀၁၂ ထိ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရု၊ ပါမားဂျာယာအရပ်၌ ( ဦးကိုလတ်၊ ကိုနိုင်စိုးလင်း၊ ကိုစိုးကြီး ကိုကျော်မျိုး စသော ရွှေလူငယ်တို့၏ ပေါင်းစည်းအား၊ ဆရာတော်များ၏ အားပေးကူပံ့မှုစွမ်းအား၊ အလှူ့ရှင်များ၏ လှူဒါန်းမှုစွမ်းအား ၊ ဝေယျာဝစ္စဆောင်ရွက်ကြသူတို့၏ ကူညီဖေးမမှုစွမ်းအား၊ ယောဂီများ၏ စိတ်အားထက်သန်မှု စွမ်းအားတို့ ပေါင်းစည်းကာ) ပထမဆုံးအကြိမ် မိုးကုတ်ဝိပဿနာ ညအိပ်တရားစခန်းတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြလေသည်။ စာရေးသူအနေဖြင့် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တ၏ တာဝန်ပေးချက်အရ ထိုတရားစခန်း၌ ကမ္မဋ္ဌာနာစရိယတာဝန် ထမ်းဆောင်ခွင့်ရခဲ့လေသည်။
 
 
တရားစခန်းကျင်းပရန် ဦးကိုလတ်၏ အလုပ်ရှင်သူဌေးက သူ၏တိုက်ခန်း ၂ ခန်းကို အခမဲ့ သုံးစွဲခွင့်ပြုခဲ့သည့်အပြင် ရေဖိုးမီးဖိုးကိုလည်း သူကပင်ကျခံပေးခဲ့သည်ဆို၏။ သို့ရာတွင် လူမသုံးပဲ ပစ်ထားသော အခန်းများဖြစ်ကြပေရာ အခန်းကို သန့်ရှင်းခြင်း၊ ဆေးသုတ်ခြင်း၊ ထမင်းစားခုံများရိုက်ခြင်း၊ ကော်ဇောများဝယ်ယူခြင်း၊ မြန်မာဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ လိုအပ်သည်များကိုငှါးရမ်းခြင်း စသည်တို့ကို ၂ လခန့် အချိန်ယူစီစဉ်ခဲ့ကြရကြောင်း ဦးကိုလတ်တို့က ရှင်းပြကြ၏။ ဤသို့ဖြင့် အလုပ်နားလျှင် တရားစခန်း အတွက်ပြင်ဆင်၊ ညနက်မှ အိပ်ယာဝင်၊ မနက်လင်းလျှင် အလုပ်သွား၊ ပင်ပန်းစွာကြိုးစားခဲ့ကြရရှာသည်ဆို၏။ ဤသို့ဖြင့် မလေးရှားရောက် ရွှေတို့၏ ပေါင်းစည်းအားသည် တရားစခန်းတစ်ခုကို ပီပီပြင်ပြင် ရုပ်လုံးပေါ်စေနိုင်ခဲ့သည်အထိ အင်အားကြီးမား ခဲ့လေတော့သည်။
 
 
အလှူရှင်တို့ကလည်း စေတနာထက်သန်စွာ လှူဒါန်းကြ၏။ ဝေယျာဝစ္စအဖွဲ့ကလည်း အားတက်သရော ချက်ပြုတ်ကျွေးမွေး လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ကြ၏။ ယောဂီများကလည်း လေးလေးစားစား တရားအားထုတ်ကြ၏။ တရားစခန်းပိတ်ပွဲနေ့၌ ”တပည့်တော်တို့က ဒီလို သူများပြည်ရွာမှာ တရားစခန်း ဝင်ရလိမ့်မယ်လို့ အိပ်မက်မျှ မမက်ဖူးခဲ့ပါဘုရား၊ ဒီတရားစခန်းဟာ တပည့်တော်တို့အတွက် တစ်သက်လုံး ဝမ်းမြောက်စရာ၊ အမှတ်ရစရာ ဖြစ်နေတော့မှာပါပဲဘုရား” ဟု ယောဂီများက ဝမ်းသာအားရ လျှောက်ထားကြ၏။
 
 
နောင်တွင်လည်း အခန်းတစ်ခန်းငှါးရမ်းပြီး တနင်္ဂနွေနေ့တိုင်း စုပေါင်းတရားအားထုတ်ဖြစ်အောင်၊ ယခုကဲ့သို့ ရက်အတန်ကြာ ပိတ်ရက်မျိုးကြုံခဲ့ကြလျှင် ဆရာတော်များကို ပင့်ဖိတ်၍ ရက်တို ညအိပ်တရားစခန်းများ ဖြစ်မြောက်နိုင်အောင် ကြိုးစားသွားကြမည့် အကြောင်း အဆိုပြုကြ၏။ ရန်ပုံငွေထည့်ဝင်လှူဒါန်းကြ၏။ တရားစခန်း၌ပါဝင်ခဲ့ကြသော ရွှေတို့၏ မျက်နှာကလေးတွေကား ဓမ္မအေးရိပ်ဖြင့် ကြည်လင်တောက်ပ ကျက်သရေရှိလှ၏။ အချင်းချင်း အပြန်အလှန် ဆွေးနွေးပြောဆိုကြရင်း ရှေ့ခရီးစဉ်များအတွက် အားတက်ဝမ်းမြောက်လျက် ရှိနေခဲ့ကြ၏။
 
------------------------------------------------------------


 
မတ်လတွင် ကိုနိုင်စိုးလင်းထံမှ ဖုန်းအဆက်အသွယ်ရ၏။ ရိပ်သာအတွက် အခန်းတစ်ခန်း ငှါးရမ်းပြီးဖြစ်ကြောင်း သိရှိရ၏။ ကောဇော၊ ထိုင်ခင်း၊ ထမင်းစားခုံ စသည်တို့မှာ ယခင်တရားစခန်းကတည်းက အရံသင့်ရှိနှင့်ပြီးဖြစ်၏။ ပန်ကာ၊ အသံချဲ့စက်၊ စသည့် လိုအပ်သည်များကို ဆက်လက် လှူဒါန်းလာနေကြကြောင်း ဝမ်းမြောက်ဖွယ် သိရ၏။ အေပရယ်လ၊ သင်္ကြန်တွင်းကာလတွင် စာရေးသူဖက်မှ အဆင်ပြေလျှင် တရားစခန်းတစ်ခု ဖွင့်လှစ်သွားကြရန် တိုင်ပင်ဖြစ်ကြလေသည်။ (ထိုကာလက စာရေးသူမှာ သီရိလင်္ကာ၌ ဗီဇာကိစ္စဖြင့် အလုပ်ရှုပ်နေ၏။ သီရိလင်္ကာ resident visa မရှိသူ မြန်မာရဟန်းတော်တစ်ပါးအနေဖြင့် သီရိလင်္ကာမှ မလေးရှားသို့ ဗီဇာလျှောက်ထား၍ မရနိုင်ပါ။)
 

 
သာသနာ့ရောင်ခြည်အဖွဲ့ကား ရိပ်သာအတွက် ခြေလှမ်းတစ်ခုကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ကြပြန်၏။ ၂၅. ၀၃. ၂၀၁၂ တွင် မလေးရှားသို့ ကြွရောက်လာသော ရွှေဆံနွယ်ဆရာတော်၏ တရားပွဲကို အသစ်ငှါးရမ်းထားသော အောင်မင်္ဂလာဓမ္မရိပ်သာ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြခြင်းပင်တည်း။ ဝမ်းမြောက်ကြည်နူးရပါ၏။ ရိပ်သာ၌ ပူဇော်နိုင်ရန်အတွက် (သီရိလင်္ကာမှ မလေးရှားသို့ပြန်ကြွသည့် မလေးရှားနိုင်ငံ၊ မာန်ဂျုံး၊ စီတီယာဝန်း၊ အောင်ရာမြေကျောင်း ဆရာတော် အရှင်ကောဝိဒနှင့်) ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူနှင့် ဗုဒ္ဓဝင်ပန်ချီကားများ လှူဒါန်းလိုက်၏။
 
 

 
သာသနာ့ရောင်ခြည်အဖွဲ့နှင့် ရေစက်ဟောင်းရှိသည်ဟု ဆိုရမည်။ ဗီဇာကိစ္စအဆင်ပြေသွားသည့်အတွက် သင်္ကြန်မတိုင်မီ အောင်မင်္ဂလာ ဓမ္မရိပ်သာသို့ အရောက်လှမ်းနိုင်ခဲ့လေသည်။ အေပရယ် ၁၄ ရက်နေ့တွင် ဂျိုဟိုးမြို့ မြန်မာဘုန်းတော်ကြီးကျောင်း သုံးကျောင်းမှ ဆရာတော်များကို ပင့်ဖိတ်၍ အောင်မင်္ဂလာဓမ္မရိပ်သာဖွင့်ပွဲကို ဝမ်းမြောက်ဝမ်းသာ ကျင်းပကြနိုင်ခဲ့ကြ၏။ ထို့နောက် ၁၄၊ ၁၅၊ ၁၆ (၃) ရက်တာနေ့တရားစခန်းပွဲကို ဆက်လက် ကျင်းပနိုင်ခဲ့ကြ၏။ နေ့စဉ် နံနက် (၆)နာရီမှ ညနေ (၅)နာရီထိ တရားနာ တရားအားထုတ်ကြပြီး၊ ည (၇း၃၀) တွင် ညတရား နာယူကြ၏။ (၁၅) ရက်နေ့ ညနေပိုင်းတွင် ကာယုကတုန်း သစ်စက်ရုံရှိ ရွှေမြန်မာမိသားစုတို့၏ ပထမအကြိမ် ဓမ္မပူဇာသို့ ကြွရောက်၍ တရားဟောခွင့် ကြုံခဲ့ရလေသည်။ ဓမ္မအောင်လံအောက်မှ မလေးရှားရောက် ရွှေမြန်မာတို့၏ သင်္ကြန်ကာလ ဝမ်းမြောက်မှုပုံရိပ်တို့ကား ကြည်နူးဖွယ် ကောင်းလေစွ။
 

 
ဤနေရာ၌ အောင်မင်္ဂလာဓမ္မရိပ်သာ၏ တည်နေရာ၊ ရိပ်သာ၏ အဆင်အပြင်နှင့် ဦးတည်ချက်တို့ကို အနည်းငယ်ဖော်ပြသင့်၏ ။ အောင်မင်္ဂလာဓမ္မရိပ်သာသည် ပါမားဂျာယာ Jusco ကုန်တိုက်ကြီးနှင့် မနီးမဝေး No 43, jalan permas 9\5 ,permas jaya, JB ၌ တည်ရှိ၏။ ရိပ်သာတွင်းသို့ ဝင်ရောက်လာလျှင် ကြည်ညိုဖွယ်ရာ ဗုဒ္ဓရုပ်ပွါးတော်မြတ်နှင့် ဗုဒ္ဓဝင် ပန်ချီကားများ၊ လစဉ် အခန်းငှါးခ၊ ရေမီးအင်တာနက် အလှူရှင်များစာရင်းနှင့် ဘုရားပလ္လင်၊ တရားဟောပလ္လင်၊ အဲကွန်း၊ ပန်ကာ၊ ရေသန့်စက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ထမင်းပေါင်းအိုးမှစ၍ အလှူရှင်များ၏ စာရင်းများကို ခန့်ခန့်သန့်သန့် ချိတ်ဆွဲထားသည့် White Board ကြီးကို ကြည်နူးဖွယ်ရာ တွေ့မြင်ကြရမည် ဖြစ်လေသည်။

အောင်မင်္ဂလာဓမ္မရိပ်သာကို သာသနာ့ရောင်ခြည်လူငယ်များက ပေါင်းစု၍၊ အခါအားလျော်စွာ မလေးရှားသို့ ကြွရောက်တော်မူလာကြမည့် ဓမ္မကထိကဆရာတော်များကို ပင့်ဖိတ်၍ တရားပွဲများ၊ တရားစခန်းများ ဖွင့်လှစ်နိုင်ရန်၊ တရားစာအုပ်များ၊ တရားခွေများကို အခမဲ့ ငှါးရမ်းပေးနိုင်ရန် တည်ထောင်ထားကြခြင်း ဖြစ်လေသည်။ တနင်္ဂနွေနေ့တိုင်း Sanyo စက်ရုံ နှင့် အနီးဝန်းကျင်ရှိ ရွှေမြန်မာများပေါင်းစု၍ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်း၊ စုပေါင်းတရားအားထုတ်ကြခြင်း တို့ဖြင့်လည်း အခါအခွင့်ရလျှင်ရသလို ဤရိပ်သာကို အမှီပြု၍ ကုသိုလ်ကောင်းမှုကြီးများကို ဆည်းပူးလျက်ရှိကြလေသည်။

 
နာယကတစ်ဦးဖြစ်သူ ဒကာဦးကိုလတ်က “ပထမ တရားစခန်းစဖွင့်မယ် လုပ်တုန်းက တပည့်တော်ရယ်၊ ကိုနိုင်စိုးလင်းရယ်၊ ကိုစိုးကြီးရယ်၊ ကိုကျော်မျိုးရယ် တစ်ယောက်တစ်ထောင်စီ ထည့်ပြီး မတည်ခဲ့ကြတာပါဘုရား။ တကယ်တော့ တပည့်တော် လစာက တစ်လမှ ခုနစ်ရာကျော်ကျော်လေးပဲ ရတာပါ။ ရအောင်လုပ်ကြမယ်ကွာ၊ ပြဿနာတက်လို့ ဖမ်းမယ်ဆီးမယ် ဆိုလည်း ငါခံမယ် ဆိုပြီး လုပ်ခဲ့ကြတာပါ။ နောက်ပိုင်း ရိပ်သာပြီးသွားတော့ ဒီလေးထောင်က ဒီအတိုင်းပဲ ကျန်ခဲ့တာပါဘုရား။ ခု သင်္ကြန် တရားစခန်း ပြီးသွားတော့လည်း ဒီလေးထောင်က လျော့မသွားဘူး၊ အလှူရှင်တွေကလည်း ဘာလိုအပ်နေသလဲ၊ ဘာလှူရမလဲချည်း မေးနေကြတာ ဘုရား၊ တပည့်တော်တို့က ငါးဆယ် လှူချင်တဲ့သူကို နှစ်ဆယ်လောက်ပဲ လှူပါ၊ နောက်လူတွေကိုလည်း လှူခွင့်ပေးပါဆိုပြီး တားယူရပါတယ်ဘုရား” ဟု ဝမ်းမြောက်ဝမ်းသာ လျှောက်ထား၏။
 
 
စင်စစ် ဤလိုနေရာမျိုးတွင် ဤရိပ်သာမျိုး ပေါ်ပေါက်လာခြင်းသည် အကြောင်းကြောင်းကြောင့် မိဝေးဖဝေး၊ ရပ်တကျေးမှာ ပင်ပန်းကြီးစွာ လာရောက်အလုပ်လုပ်နေကြရသူ ရွှေမြန်မာတို့အတွက် ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်ဟု ဆိုထိုက်၏။ ယခင်က အလုပ်ပိတ်ရက် ရောက်လျှင် ဘီယာဆိုင် များသို့သာ ရောက်သွားလေ့ရှိခဲ့သော (သို့မဟုတ်) သွားစရာမရှိ၍ အခန်းထဲတွင်သာအောင်းကာ အချိန်ကုန်ခဲ့ရသော ရွှေလူငယ်တို့အဖို့ သွားရောက်လည်ပတ်စရာ နေရာကောင်းတစ်ခု တိုးလာခြင်းဟုလည်း ဆိုနိုင်၏။ စာရေးသူ နေခဲ့သည့် တစ်လတာ ကာလအတွင်း ရောက်လာသမျှ ရွှေလူငယ်လေးများ၏ မျက်နှာမှာ ကြေနပ်ဝမ်းမြောက်မှု များဖြင့် ပြည့်လျှံနေသည်ကိုသာ တွေ့မြင်ခဲ့ရ၏။ တစ်ချို့က အသင့်ပါလာသော ပန်းများ၊ သစ်သီးများကို ဘုရားရှင်အားဆက်ကပ်ကြမည်၊ လှူဒါန်းစရာများကို လှူဒါန်းကြမည်၊ အချို့က တံမျက်လှည်းကြမည်၊ တရားစကားများဆွေးနွေးကြမည်၊ ဓမ္မစာအုပ်များ ငှါးရမ်းဖတ်ရှုကြမည်၊ စားစရာရှိတာ ဝိုင်းစားကြမည်၊ မည်မျှ ကြည်နူးဖွယ် ကောင်းလိုက်ပါသနည်း။

ကမ္မဋ္ဌာနာစရိယ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သူ စာရေးသူ အနေဖြင့်မူ ရွှေတို့အတွက်ဂုဏ်ယူ၏။ ရွှေတို့အတွက် ဝမ်းမြောက်၏။ ရွှေတို့၏ ဤစေတနာ၊ ဤကောင်းမှုများသည် အလဟဿ ကွယ်ပျောက်သွားမည့် အရာမျိုး မဟုတ်ခဲ့တော့ပြီ။ တဆင့်စကား တဆင့်နားဖြင့် ကြားမြင်ရသူတို့အားလည်း ရွှင်လန်းစေတော့မည်သာဖြစ်၏။ ဤအရပ်ဒေ၌ ရွှေတို့ စိုက်ပျိုးကြဲချနိုင်ခဲ့ကြသော ဓမ္မမျိုးစေ့သည် အကိုင်းအခက်ဝေဆာ၍ အေးမြသော ဓမ္မအရိပ်ကို ဆက်လက် ပေးစွမ်းနိုင်တော့မည်သာဖြစ်၏။ အခါသင့်၍ အခွင့်သာတိုင်း၊ ဆရာ-ဒကာ ညီညာစွာ လက်တွဲလျက် ဓမ္မအေးရိပ်မှာ ချွေးသိပ်နားခိုနိုင်ကြပါစေသတည်း။ ရွှေတို့၏ ဘာသာသွေးအရောင် ပြောင်လျက် ဝင်းလျက် တည်စေသတည်း။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
 ၂၀၁၂၊ မေလ (၁၃) ရက်နေ့

No comments: